28-5-2016

စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိညာပေး ဟောပြောပွဲ ကျင်းပ

ထားဝယ် မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီး၍ စားသောက် ကုန်/ လူသုံးကုန် ပစ္စည်းများ၊ စားသုံးရန် မသင့်သည့် အစားအသောက်များနှင့် ပတ်သက်၍ စားသုံးသူ အကာအကွယ်ပေးဆိုင်ရာ အသိပညာပေး ဟောပြော ပွဲကို မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ မြို့မစည်ပင် သာယာဈေးခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးမှူး ဦးမျိုးမင်းဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူ အကာအကွယ်ပေးဆိုင်ရာ အသိပညာပေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ခံအရာရှိ Dr. ဟိန်းမင်းထက်အောင် က ခွင့်မပြုတားမြစ်ဆိုးဆေးနှင့် သုံးစွဲရန် မသင့်သော စားသောက်ကုန် ပစ္စည်းများအကြောင်း ရှင်းလင်းဆွေးနွေးဟောပြောသည်။
ဆက်လက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ဒုတိယဦးစီးမှူး ဦးစည်သူအောင် က စားသုံးရန်မသင့်သော ကုန်ပစ္စည်းများ မရောင်းချရေးနှင့် ပတ်သက်၍ လည်းကောင်း ၊ ထားဝယ်ခရိုင် မွေးမြူရေးနှင့်ကုသရေး ဦးစီး မှူးဒေါက်တာ တင်ဌေးက ကြက်၊ ၀က်၊ ဘဲနှင့် ပတ်သက်၍လည်းကောင်း ၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့်သိန်းက အသား/ငါးများနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးဟောပြောပြီး ဈေးကော်မတီဥက္ကဌ ဦးဆင်ဝှက် က ကျေးဇူးတင်စကားပြောကြား သည်။
ဟောပြောပွဲ သို့ တိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးမှူးဦးမျိုးမင်းဦးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ဈေးကော်မတီဥက္ကဋ္ဌ ဦးဆင်ဝှက်နှင့် ဈေးသူ/ဈေးသား (၁၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။