လက်လီလုပ်ငန်းများကို ဆန်းစစ်လေ့လာနေသူတစ်ယောက်ဖြစ်တဲ့ Antony Welfare ဟာ လက်လီလုပ်ငန်းကြီးများသာ သိရှိနားလည်လေ့ရှိတဲ့ လက်လီလုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်များကို အသေးစား နဲ့ အလတ်စား လက်လီလုပ်ငန်း များအတွက် အကြံပြုတင်ဆက်ပေးနေသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ လက်လီလုပ်ငန်း လုပ်ကိုင်နေသူများအတွက် လမ်းညွှန်ချက် (၁၄) ချက်ကို ဖေါ်ပြထားပါတယ်။
(၁) ဈေးဝယ်သူကို အထူးအလေးပေးပြီး ကမ္ဘာ့အဆင့်မှီ ဝန်ဆောင်မှုကို ပေးပါ။ ဈေးဝယ်သူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် မိမိလုပ်ငန်းကို တည်ဆောက်ရပါမယ်။
(၂) မိမိ အမှတ်တံဆိပ်နဲ့အတူ တန်ဘိုးထားလိုသည်များကို သတ်မှတ်တည်ဆောက်ပါ။ မိမိ အမှတ်တံဆိပ်ကို ထူထောင်ရာမှာ အခြေခံ အဓိက တနိဘိုးထား အလေးပေးလိုသည့် အရာတွေကို သတ်မှတ်ထားဖို့လိုပြီး အဲဒီ သတ်မှတ်ချက်တွေဟာလည်း ဈေးဝယ်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့ ဖြစ်ရပါမယ်။ မိမိ လုပ်ငန်းအနေနဲ့ ဘယ် အရာကို ဘယ်လိုဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားမယ်ဆိုတာကို ရှင်းရှင်း လင်းလင်း သတ်မှတ်ထားဖို့ လိုပါတယ်။
(၃) မိမိလုပ်ငန်းခွင်ကို ဈေးဝယ်သူတွေကို ဦးစားပေးတတ်တဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်အောင် ပျိုးထောင်ပါ။ မိမိအဖွဲ့သားတွေကို မိမိတို့ လုပ်ငန်းရဲ့ တန်ဘိုးထားတဲ့ အရာတွေနဲ့အတူ အမြဲ ရှင်သန်နေထိုင်တတ်သူတွေ ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ရပါမယ်။ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုပေးကြမယ်ဆိုတဲ့ ရည်မှန်းချက်ကို အဖွဲ့သားတိုင်းရဲ့စိတ်နှလုံးသားမှာ အမြဲတည်ရှိနေစေခြင်းဖြင့် မိမိတို့လုပ်ငန်းကို အောင်မြင်စွာ တိုးတက်ကြီးပွားလာအောင် လုပ်ရပါမယ်။
(၄) မိမိတို့လုပ်တဲ့ အရာရာမှန်သမျှကို အရည်အသွေးပြည့်မီအောင် လုပ်ပါ။ ဘာပဲလုပ်လုပ် လုပ်သမျှကို မိမိအပါအဝင် အဖွဲ့သားတွေအားလုံး အကောင်းဆုံး လုပ်ထားတာ ဖြစ်ရပါမယ်။ နေ့စဉ်နေ့တိုင်း မိမိတို့နဲ့ ဆက်သွယ်ဆောင်ရွက်နေသူတိုင်းကို အကောင်းဆုံး ဝန်ဆောင်မှု ပေးလိုက်နိုင်အောင် အမြဲပဲ ကြိုးစားကြရပါမယ်။
(၅) စိတ်ဓါတ်တက်ကြွပြီးပျော်ရွှင်နေတဲ့ အဖွဲ့သားတွေ အဖြစ် တည်ဆောက် နိုင်ဖို့ ဆုပေးခြင်း မက်လုံးများဖြင့် ဆွဲဆောင်ခြင်း ပြုလုပ်ပါ။ စိတ်ဓါတ်တက်ကြွ ပျော်ရွှင်နေတဲ့ အဖွဲ့သားတွေဟာ ဈေးဝယ်သူ တွေစိတ်ကျေနပ်ပျော်ရွှင်အောင် ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် မိမိလုပ်ငန်းကို အောင်မြင်စေမှာဖြစ်ပါတယ်။ မိမိအဖွဲ့သားတွေရဲ့ အသံကို နားထောင်ပါ။ မိမိအဖွဲ့သားတွေကို သေချာ ဂရုစိုက်ပါ။
(၆) ငွေကြေးကို စီမံခန့်ခွဲပါ။ ငွေကြေးဆိုတာ ကိုယ့်လုပ်ငန်းကို ကြံ့ခိုင်အောင် လုပ်ပေးမှာဖြစ်ပြီး အမြတ်အစွန်းကတော့ မော်ကြွားနိုင်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ လုပ်ငန်းတစ်ခုဟာ ငွေကြေးမရှိ အမြတ်မရှိရင် ပြိုလဲသွားမှာပါ။ ကိုယ့်ဝင်ငွေ ဘယ်ကနေရနေသလဲ။ ဘယ်မှာ ကုန်သွားသလဲ ဆိုတာကို ကောင်းစွာ နားလည်တတ်ဖို့ လိုပါတယ်။
(၇) ရေရှည်မျှော်မှန်းချက်၊ နည်းဗြူဟာနဲ့ စီမံကိန်း များကို ရှင်းလင်းစွာ ရေးဆွဲပြီး အဖွဲ့သားတွေကို အသိပေးပါ။ မိမိအနေနဲ့ ဘယ်လိုရည်မှန်းချက်ကို ပြည့်မီအောင် ကြိုးစားလိုတယ်ဆိုတယ် သေချာသိမြင်အောင်လုပ်ပြီး အဲဒီရည်မှန်းချက်ကို ရရှိအောင် အစီစဉ်ဆွဲလုပ်ဆောင်ရပါမယ်။ ကိုယ်ရေးဆွဲထားတဲ့ ရေရှည်မျှော်မှန်းချက် နည်းဗြူဟာနဲ့ စီမံကိန်းများကို ကိုယ်နဲ့ အတူတူ လက်တွဲလုပ်ကိုင်သူတွေ ကိုယ့်အဖွဲ့သားတွေလည်း သိရှိနားလည်အောင် မျှဝေရပါမယ်။
(၈) အဖွဲ့သားတွေရဲ့ စိတ်နှလုံးသားထဲမှာ ဈေးဝယ်သူတွေ အမြဲရှိနေပြီး ၄င်းတို့ကို အမြဲအလေးပေး ဆက်ဆံတတ်အောင် လေ့ကျင့်ပးရပါမယ်။ စိတ်ကျေနပ်ပျော်ရွှင်မှုရတဲ့ ဈေးဝယ်သူတွေဟာ မိမိတို့ဆိုင်ရဲ့ သစ္စာရှိတဲ့ ဖေါက်သည်တွေ ဖြစ်လာမှာဖြစ်တဲ့အတွက် လုပ်ငန်းကို အောင်မြင်စေမှာ ဖြစ်ပါတယ်။
(၉) လက်လီရောင်းချခြင်းဆိုတာဟာ အသေးစိတ်တွေ အများကြီး လုပ်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဈေးဝယ်သူတွေကို အသေးစိတ်လေ့လာပြီး သတင်းအချက်အလက်တွေရယူပါ။ ဂရုတစိုက်စောင့်ကြည့်ပြီး ဘာဖြစ်နေသလဲဆိုတာကို နားလည်အောင်ကြိုးစားပါ။ အသေးစိတ် အချက်အလက်တွေကို သေချာအလေးပေး အာရုံစိုက်နိုင်ဖို့ ကြိုးစားပါ။
(၁၀) လက်လီရောင်းချခြင်းဆိုတာ ဒုံးပျံတည်ဆောက်သလို ခက်ခဲနက်နဲရှုပ်ထွေးတဲ့ သိပ္ပံပညာရပ်တစ်ခု မဟုတ်ပါဘူး။ ရှေးအကျဆုံးသော လုပ်ငန်းတွေထဲက တစ်ခုသာဖြစ်ပါတယ်။ ထုတ်ကုန်ပစ္စည်းတစ်ခုကို ဝယ်ပြီး သုံးစွဲမယ့် သူတွေဆီ အမြတ်တစ်ခုတင်ပြီးရောင်းချလိုက်တာပဲဖြစ်ပါတယ်။ အဲဒါကြောင့် အမြတ်ရဖို့ကိုတော့ သေချာပါစေ။
(၁၁) ဆုံးဖြတ်ချက်တွေ ရဲရဲချပါ။ ဆုံးဖြတ်ပါ။ အချိန်မဆွဲပါနဲ့။ သတင်းအချက်အလက်တွေကို စိစစ်လေ့လာပါ။ဆုံးဖြတ်ချက်ချပါ။ အလုပ်မဖြစ်ရင် နောက်တစ်ခု ထပ်လုပ်ပါ။
(၁၂) သတင်းအချက်အလက်တွေကိုစီမံခန့်ခွဲပါ။ မိမိ အလုပ်ထဲမှာရှိနေတဲ့ သတငိး အချက်အလက်တွေကို အသုံးချပါ။ ကိုယ်သိရှိခံစားမိတဲ့အရာတွေရှိရင် စစ်ဆေးပါ။ ဆုံးဖြတ်ချက်တွေကိုတော့ သေချာတဲ့ သတင်းအချက်အလက်တွေကို သုတေသနလုပ်ထား စိစစ်ထားတဲ့အပေါ်မှာ လုပ်ပါ။
(၁၃) မိမိလုပ်ငန်းက ကုန်ပစ္စည်းတွေကို ရောငိးချဖို့ မမေ့ပါနဲ့။ လက်လီလုပ်ငန်းလုပ်နေတာဖြစ်လို့ ကုန်ပစ္စည်းဆွေကို ဈေးဝယ်သူတွေ ဝယ်ယူသွားအောင် ရောင်း ချနိုင်ရပါမယ်။ ဈေးဝယ်သူတွေဟာ ဈေးဝယ်ဖို့ မိမိတို့ဆိုင်ကို လာတာဖြစ်ပြီး အဲဒီအတွက်သာ ဈေးဆိုင်တွေရှိဖို့ သူတို့အနေနဲ့ လိုအပ်နေတာပဲဖြစ်ပါတယ်။
(၁၄) ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်နေပါ။ လက်လီလုပ်ငန်းအောင်မြင်မှုရအောင်လုပ်ဖို့ရာက မိမိကိုယ်တိုင်လျှောက်လှမ်းရမယ့် ခရီးရှည်ဖြစ်တဲ့အတွက် ဒီလုပ်ငန်းကို လုပ်ကိုင်ရင်း စိတ်ပျော်ရွှင်မှုရအောင်နေတတ်ဖို့လိုပါတယ်။
မှတ်ချက်။
www. mycustomer.com တွင် 22nd August 2011 ရက်စွဲဖြင့် တင်ထားသော ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။
http://www.mycustomer.com/…/retail-is-detail-the-ultimate-1…